အိမ်အကူ မိန်းကလေးကို အိမ်ရှင်၏ သမက်ဖြစ်သူက အဓမ္မပြုကျင့်ဟုဆို
အိမ်အကူ မိန်းကလေးကို အိမ်ရှင်၏
သမက်ဖြစ်သူက အဓမ္မပြုကျင့်ဟုဆို !!!
~~~~~~~~~~~~~~~~~~~~~
September 26, 2017
တာမွေမြို့နယ်၊ ပျားရည်ကုန်းရပ်ကွက်၊ ကျိုက္ကဆံလမ်းရှိ တိုက်ခန်းတွင် အိမ်အကူ လုပ်ကိုင်နေသည့် အသက် ၁၉ နှစ်အရွယ် မိန်းကလေးကို အိမ်ရှင်၏ သမက်ဖြစ်သူက ခြိမ်းခြောက်ပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ကိုယ်ဝန်ရှိနေသည့် အိမ်အကူမိန်းကလေး၏ မိခင်ဖြစ်သူက တရားလိုပြု အမှုဖွင့်တိုင်ကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်ရှိ ဂုံညင်းတန်းကျေးရွာတွင် နေထိုင်သော အိမ်အကူ မိန်းကလေးမှာ အသက် ၁၃ နှစ် အရွယ်ရှိ ၎င်း၏ မောင်အရင်းဖြစ်သူနှင့်အတူ ကျိုက္ကဆံလမ်းရှိ နေအိမ်တိုက်ခန်းတွင် အိမ်အကူ လာရောက်လုပ်ကိုင်ခဲ့စဉ် ယခုနှစ် မေလပိုင်းက အိမ်ရှင်ဖြစ်သူ အမျိုးသမီးက အိမ်အကူမိန်းကလေး၏ မိခင်ကို ဖုန်းဆက်ခေါ်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ ရဲတပ်ဖွဲ့ထံမှ သိရသည်။
မိခင်ဖြစ်သူ ရောက်ရှိလာစဉ် အိမ်ရှင်၏ သမက်ဖြစ်သူမှာ ခင်ဗျားသမီး မိုက်လုံးကြီးတယ်။ သူ့မောင်အရင်းနဲ့ ချစ်ကြိုက်ရာက အခုဗိုက်ကြီးနေပြီဟု ပြောဆိုပြီး ပြန်ခေါ်သွားရန် ပြောဆိုသောကြောင့် ဒေါပုံမြို့နယ်ရှိ ဆွေမျိုးနေအိမ်သို့ သမီးနှင့် သားကို ခေါ်ဆောင်ခဲ့ပြီး မေးမြန်းခဲ့သည်။
အိမ်အကူ မိန်းကလေးက လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ အိမ်ရှင်၏ သမက်ဖြစ်သူ အသက် ၄၀ အရွယ် အမျိုးသားမှ ၎င်းအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်းနှင့် ကိုယ်ဝန်လေးလ ရရှိခဲ့ကြောင်း မိခင်ဖြစ်သူကို ပြန်လည်ပြောပြခဲ့သည်။
ယင်းနောက် အဆိုပါ ကိုယ်ဝန်မှာ မောင်ဖြစ်သူနှင့် ရခဲ့ကြောင်း အခြားသူ မေးပါက ပြောဆိုရမည်ဟု အိမ်ရှင်၏ သမက်ဖြစ်သူက ပြောဆိုထားပြီး အမှန်အတိုင်း ပြောဆိုပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း မိခင်ဖြစ်သူကို ပြောပြခဲ့သဖြင့် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အိမ်အကူ၏ မိခင်က တရားလိုပြုလုပ်၍ တာမွေမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ရာ ယင်းအမှုကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

No comments: