မြန်မာကားတွေကို နိုင်ငံခြားကားတွေနဲ့ မနှိုင်းပါနဲ့လို့ပြောလိုက်တဲ့ ဇေရဲထက်
ထဘီကျွတ်၍ လွှတ်လိုက်သည်”၊ “ချစ်တီးမကြီးများ”၊ “အချစ်မှာပြိုင်ပွဲရှိတယ်” ၊ “သာယာတယ် ကျေနပ်တယ်” ၊ “ဝိုင်းကြီးချုပ် စပွန်စာ” ၊ “ပင်လယ်ကြီးကဘာပြောလဲ” ၊ “ဖရဲသီးမော်ဒယ်” ၊ “420” ၊“'ယောက်ဖ အော်ပရေးရှင်း” အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင် သရုပ်ဆောင်ထားတဲ့ ဇေရဲထက်က မြန်မာကားတွေကို နိုင်ငံခြားကားတွေနဲ့ မနှိုင်းပါနဲ့လို့ပြောကြားခဲ့သလို၊ တက်သစ်စလူငယ်သရုပ်ဆောင်များအတွက်အနုပညာကြေးကို မျှဝေပေးခဲ့တဲ့အထိ သရုပ်ဆောင်ကြေးကို ခေါင်းထဲမထားဘဲ ခေတ်လူငယ်တွေကို ဆွဲခေါ်လျှက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
“အခုချိန်မှာ ကျွန်တော်တို့ မြန်မာကားတွေဆိုရင် အပြောအရမ်းခံရတဲ့ ကားတွေပေါ့နော်။ ကျွန်တော်တစ်ခုပြောချင်တာက ကျွန်တော်တို့ မြန်မာကားတွေကို နိုင်ငံခြားကားတွေနဲ့ မနှိုင်းပါနဲ့။ နိုင်ငံခြားကားဆိုရင် သူတို့ရဲ့ အချိန်ပေးတယ်။ သူတို့ရဲ့ ပါဝင်တဲ့ သရုပ်ဆောင်တွေကို တန်ရာတန်ကြေးလည်း ပေးတယ်။ သူတို့သုံးတဲ့ ဘတ်ဂျက်ကလည်း ကျွန်တော်တို့ အဆတစ်ရာမှာ သူတို့ရဲ့ တစ်ပုံစာလောက်တောင်မရှိပါဘူး။ ကျွန်တော်တို့ အနေနဲ့ အဘက်ဘက်က မပြည့်စုံတဲ့ ကြားထဲက ရိုက်ရတဲ့ ကားလေးတွေ ဖြစ်တဲ့အတွက် တစ်ခါတစ်လေကျရင် ချို့ယွင်းမှုလေးတွေရှိမယ်။ အတိမ်းအစောင်းလေးတွေရှိမယ်။ အဲဒါလေးတွေကို ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါလို့ ပြောချင်ပါတယ်။ ကျွန်တော်ရိုက်တဲ့ကားလေးတွေဆိုရင် အခုနောက်ပိုင်းကျွန်တော်ကိုယ်တိုင် စီစစ်ပြီးရွေးချယ်တယ်” လို့ပြောကြားထားပါတယ်။
ဒါ့အပြင် တက်သစ်စ အနုပညာလူငယ်တွေကိုလက်တွဲခေါ်တဲ့အနေနဲ့ ဇေရဲထက်က နောက်တက်မယ့် ခေတ်လူငယ် ကျွန်တော့်သူငယ်ချင်းတွေဆိုလည်း ဖြစ်နိုင်ကြောင်း၊လက်ရှိအချိန်မှာ တော်ရုံတန်ရုံ ဘယ်သူမှ မရိုက်နိုင်တဲ့အချိန်ဆိုတော့ကျွန်တော့်အနေနဲ့ Actor ကြေးကိုတောင် ခေါင်းထဲမထည့်ဘဲသူတို့ကိုဆွဲခေါ်ပြီးတော့ကျွန်တော့်ပိုက်ဆံထဲကဖဲ့ပေးလိုက်ရတာတွေလည်းရှိကြောင်းအခုလိုပြောကြားခဲ့ပါတယ်။ “ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သိတဲ့အတိုင်းပဲ ခေတ်လူငယ်ကားမျိုးလေးတွေ Level တန်းကားမျိုးလေးတွေက မရှိဘူး။ ကျွန်တော်စရိုက်တာပေါ့။ လူငယ်လေးတွေကိုလည်း ဖြစ်စေချင်တယ်။ အဲ့လိုကားမျိုးလေးတွေလည်း ပရိသတ်ကို ကျွန်တော်ချကျွေးချင်တယ်ပေါ့။ အဲ့လိုစိတ်နဲ့ သူတို့လူငယ်လေးတွေမှာ အရည်အချင်းရှိတယ်ဆိုတဲ့ အကြောင်းကိုလည်း ပြချင်တယ်” လို့ ဇေရဲထက်က ပြောပါတယ်။လက်ရှိမှာတော့ဇေရဲထက်က အောင်သမာဓိ ရွှေဆိုင်ကြော်ငြာကို မင်းသမီးဖွေးဖွေးနဲ့အတူ ရိုက်ကူးထားတယ်လို့သိရပါတယ်။

No comments: