ကလေးကို ပါဆယ်ထုပ်ပြီး မိဘမဲ့ဂေဟာပို့ရန် ကြံစည်ခဲ့သည့်အမျိုးသမီး အဖမ်းခံရ =======
ကလေးကို ပါဆယ်ထုပ်ပြီး မိဘမဲ့ဂေဟာပို့ရန် ကြံစည်ခဲ့သည့်အမျိုးသမီး အဖမ်းခံရ
====================
မိမိ၏ ကလေးကို ပါဆယ်ထုပ်ထဲ ထည့်ကာ မိဘမဲ့ ဂေဟာသို့ ပို့ရန် ကြိုးစားခဲ့သည့် တရုတ် အမျိုးသမီး တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။
ဖူဇူးတွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးသည် ယခုအခါ ကလေးငယ်ကို စွန့်ပစ်ရန် ကြံစည်မှုအတွက် တရားစွဲဆို ခံရဖွယ် ရှိနေသည်။ အမျိုးသမီးသည် မွေးကင်းစ ကလေးငယ်ကို အနက်ရောင် ပလပ်စတစ်အိတ်ထဲ ထုပ်ပိုးကာ စာတိုက် ဝန်ဆောင်မှုကို အသုံးပြုပြီး မိဘမဲ့ ဂေဟာတစ်ခုသို့ ပို့ဆောင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ပါဆယ်ပို့သူသည် အဆိုပါ ပါဆယ်ထုပ်ကို ယူဆောင်သွားရင်း အသံနှင့် လှုပ်ရှားမှုများ သတိပြုမိပြီး မသင်္ကာသဖြင့် ဖွင့်ကြည့်ရာမှ ကလေးငယ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းက ဖူဇူး ရဲစခန်းသို့ အသိပေး အကြောင်းကြားခဲ့ပြီးနောက် မျိုးရိုးအမည် လျူဆိုသော အမျိုးသမီးကို ရဲများက ဖမ်းဆီးခဲ့သည်။
ကလေးငယ်မှာ တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဖူဇူးမြို့မှ ဆေးရုံတစ်ရုံတွင် ရှိနေပြီး အခြေအနေ တည်ငြိမ် စိတ်ချရကြောင်း သိရသည်။ ကလေးငယ်ကို ရဲတပ်ဖွဲ့ဝင်များနှင့် အနီးအနားတွင် ရှိနေသူများက ဝိုင်းဝန်း ပြုစုပေးနေသည်ကို မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသည့် ဗီဒီယို တစ်ခုလည်း အွန်လိုင်းပေါ် ထွက်ပေါ်လာပြီး လူအများ မျှဝေခဲ့ကြသည်။
ဒေသအပူချိန်မှာ ၃၇ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ မြင့်တက်နေသောကြောင့် လူတစ်ဦးက ဂွမ်းကို ရေဆွတ်ကာ ကလေးငယ်၏ နှုတ်ခမ်းများတွင် အသာအယာ ပွတ်သပ်ပေးနေသည်ကို တွေ့ရသည်။ ကလေးမှာ မိန်းကလေးဖြစ်ပြီး သူမကို ရေဓာတ်ပြန်ဖြည့်ပေးရန် ကြိုးစားချိန်၌ သေးငယ်သော လက်ချောင်းလေးများ ပြန်လှုပ်လာသည်ကို တွေ့ရသည်။
ဂျီအန်းခရိုင် ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပတ်ဝန်းကျင် ကောင်းမှုကြောင့် ကလေးသည် ဆေးရုံ ရောက်လာကတည်းက အသက်အန္တရာယ် စိုးရိမ်ရလောက်သည့် အခြေအနေ မရှိတော့ဟု CNNသို့ ပြောကြားခဲ့သည်။
တရုတ်တွင် လူမှုကွန်ရက် မီဒီယာ အသုံးပြုသူများက ကလေး၏ မိခင်ကို ဒေါသတကြီး ဝေဖန်မှုများ ပြုလုပ်နေသည်။ ကလေးအမေက သူမအနေဖြင့် ကလေးကို ပြန်လည် ခေါ်ဆောင်သွားမည်ဟု ရဲများထံ ပြောကြားခဲ့ရာ ထိုကိစ္စအပေါ် စိုးရိမ်တကြီး ကန့်ကွက်မှုများလည်း ရှိနေသည်။
“တော်ကြာ ကလေးကို သူက နောက်တစ်ခါ လွှင့်ပစ်နေရင် ဘယ့်နှယ်လုပ်မလဲ”ဟု Weibo လူမှုကွန်ရက် သုံးစွဲသူ တစ်ဦးက မေးခွန်းထုတ်ခဲ့သည်။ အခြားတစ်ဦးကလည်း “ဒီလိုလူစားတွေက မိဘဖြစ်ဖို့ မတန်ပါဘူး။ သူတို့ဆီကို ကလေး ပြန်ထည့်ပေးရင် မှားလိမ့်မယ်”ဟု ဝေဖန်ခဲ့သည်။
တရုတ်ရှိ မိဘမဲ့ ဂေဟာများတွင် ကလေးငယ် လေးသိန်းခြောက်သောင်း ဝန်းကျင်မျှ ရှိနေကြောင်း ပြည်သူ့ရေးရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။
တရုတ်တွင် သားယောက်ျားလေးကို ပိုမို တန်ဖိုးထားသည့် အယူအစွဲမျိုး ရှိနေသောကြောင့် တစ်မိသားစုတွင် ကလေးတစ်ဦးသာ မွေးခွင့် မူဝါဒ ကျင့်သုံးစဉ်က မိန်းကလေးများ စွန့်ပစ်ခံရမှု ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် ကျေးလက် ဧရိယာများတွင် ယင်းပြဿနာမျိုး ပိုမို၍ ကြုံတွေ့ရတတ်ကြောင်း သိရသည်။
#Edkza@7daydaily

No comments: